ဘဘဦးသုခ အကြောင်းနဲ့ မြန်မာနိုင်ငံတွင် အမေများနေ့ စတင်ဖြစ်ပေါ်လာပုံ အကြောင်းလေးပါ။


ကျွန်တော် ဒီ တစ်ခါ ကျွန်တော်တို့ လူငယ်တွေ အတွက် အလွန်စိတ်ဝင်စားစရာကောင်းပြီး လေးစားစရာ ကောင်းတဲ့ ပုဂ္ဂိုလ် တစ်ဦးတဲ့ မိတ်ဆက်ပေးပါရစေဗျာ။ မြန်မာနိုင်ငံမှာ မသိသူမရှိတဲ့အပြင် အနုပညာရော၊ စာပေ၊ ဂီတ၊ ရုပ်ရှင်ပိုင်းတွေမှာ တကယ့်ကိုဂုဏ်ယူလေးစား အားကျလောက်တဲ့ ဘဘဦးသုခရဲ့ အကြောင်းလေးကို ကျွန်တော် Web Site လေးရဲ့ စာဖတ်ပရိသတ်တွေအတွက် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ လူအများက လေးစားပြီးကြည်ညိုရတဲ့ ဘဘဦးသုခရဲ့အကြောင်းလေးကို ကျွန်တော်တို့လို နောင်လာနောင်သား လူငယ်တွေအတွက် ကျွန်တော် ကနေပြီး သိသလောက် တတ်သလောက်နဲ့ ဗဟုသုတ မှတ်သားဖွယ်ရာအဖြစ် တင်ဆက်ပေးသွားမှာမို့ လိုအပ်ချက်များနဲ့ အမှားအယွင်းလေးများရှိခဲ့ရင်လည်း နားလည် ခွင့်လွတ်ပေးပါလို့ ကြိုပြီးမေတ္တာရပ်ခံပါတယ်ဗျာ။ ကဲ ဒါဆိုပထမဦးဆုံး ဘဘဦးသုခရဲ့ ကိုယ်ရေးအကျဉ်းလေးနဲ့ အစပြုလိုက်ရအောင်နော်။
                               
                                                        ဘဘ ဦးသုခရဲ့ ကိုယ်ရေးအကျဉ်း 


ဘဘဦးသုခကို လွန်ခဲ့တဲ့ ၁၉၁၀ ပြည့်နှစ်၊ ဇန်န၀ါရီလ ၁၄ ရက်နေ့ (မြန်မာလို ၁၂၇၁ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက်နေ့၊ သောကြာ)နေ့မှာ ဖခင်ဦးစံခိုင်နဲ့ မိခင်ဒေါ်မျှင်တို့မှ လောကထဲကို မွေးဖွားပေးခဲ့ပါတယ်။ ဘဘရဲ့မွေးရပ်ဇာတိကတော့ ကျိုက်လတ်အပိုင် စာဖြူစုကျေးရွာပဲဖြစ်ပါတယ်။ ဖခင်ဦးစံခိုင်ဟာ စာဖြူစုကျေးရွာရဲ့ ရွာသူကြီးဖြစ်တယ်လို့လည်း မှတ်သားရပါတယ်။ ဘဘဦးသုခဟာ မွေးချင်း ၄ ယောက်ရှိတဲ့ အထဲက အကြီးဆုံးသား ဖြစ်ပြီးတော့ ငယ်နာမည်ကတော့ မောင်သိန်းဖြစ်ပါတယ်။ မောင်သိန်း(ခေါ်) ဘဘဦးသုခရဲ့ငယ်ဘ၀လေးကတော့ စာဖြူစုကျေးရွာလေးမှာပဲ ဖြတ်သန်းခဲ့ပြီး အလယ်တန်းကိုတော့ ကျိုက်လတ်မြို့ အမျိုးသားကျောင်းကနေ ၁၉၂၆ ခုနှစ်မှာ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ အထက်တန်းပညာ သင်ယူဖို့အတွက် ဖျာပုံအမျိုးသားကျောင်းကို ၁၉၂၇ ခုနှစ်မှာပြောင်းရွေ့ပြီး ပညာဆည်းပူးခဲ့ပါတယ်။ အလယ်တန်းကျောင်းသားဘ၀ကတည်းက စတင်ပြီး ကဗျာ၊ ရတုများကိုရေးသားလာခဲ့တဲ့ ဘဘဦးသုခ(ခေါ်) မောင်သိန်းဟာ အထက်တန်းကျောင်းသားဘ၀ကို ရောက်တဲ့အခါမှာတော့ ၀တ္တုများကိုရေးသားဖို့ စိတ်သန်လာခဲ့ပါတယ်။ ၉ တန်းကျောင်းသားဘ၀မှာပဲ ကျောင်းကနေထွက်ပြီး ရန်ကုန်မြို့ကိုထွက်ခွာလာခဲ့ကာ ဖခင်ဦးစံခိုင်တည်ထောင်ထားတဲ့ အာဇာနည်ဂျာနယ်တိုက်မှာ ၀င်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဂျာနယ်တိုက် ပိတ်လိုက်ရတဲ့အချိန်မှာတော့ ကျိုက်လတ်မြို့ကိုပဲပြန်ခဲ့ပြီး ကျိုက်လတ်မြို့မှာရှိတဲ့ ကျိုက်လတ်ဦးဘမူ တည်ထောင်ထားတဲ့ အမျိုးသားကျောင်းမှာ မြန်မာစာပြဆရာအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ အဲ့ဒီလိုလုပ်ဆောင်နေစဉ်မှာပဲ အမျိုးသားနေ့ အောင်ပွဲနေ့တွေမှာ ကျောင်းရဲ့ပဒေသာကပွဲတွေအတွက် စာမူများရေးသားပေးခြင်း၊ ဇာတ်လမ်းများရေးသားခြင်းတွေအပြင် ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ကာ ပြဇာတ်ဒါရိုက်တာလည်း လုပ်ဆောင်ခဲ့ပါသေးတယ်။

                                          ရေးသားခဲ့သောစာအုပ်စာပေများနှင့်ကလောင်အမည်များ
ဘဘဦးသုခဟာ ကျောင်းသားဘ၀ အရွယ်ကတည်းက စာပေရေးသားခြင်းကို ၀ါသနာကြီးခဲ့တဲ့သူ တစ်ယောက်လည်းဖြစ်ပါတယ်။ သူရေးသားခဲ့တဲ့ သုတ၊ရသစာပေတွေဟာ ရေတွက်လို့မရအောင် ဒုနဲ့ဒေးရှိနေပါတယ်။ အဲဒီထဲကမှ ထင်ရှားကျော်ကြားတဲ့ စာပေတွေကို လက်လှမ်းမှီသလောက် ကျွန်တော့ Web Site ရဲ့စာဖတ်ပရိသတ်ကြီးကို ပြောပြပေးချင်ပါတယ်။ ၁၉၂၉ ခုနှစ်မှာ စိန်သိန်းတန်ဆိုတဲ့ ကလောင်နာမည်နဲ့ စံပယ်ပွင့်ဝတ္တုကို စတင်ရေးသားခဲ့ပါတယ်။ အဲ့ဒီဝတ္တုလေးဟာ က၀ိမျက်မှန်မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခံရပြီး စာမူခအနေနဲ့ ငွေကျပ် ၁၀ အပြင် မဂ္ဂဇင်း ၆ လဆုကိုလည်း ရရှိခဲ့ပါတယ်။ ၁၉၃၀ ပြည့်နှစ်မှာတော့ ရွင်ပျော်ပျော်စာပေတိုက် ၀တ္တုပြိုင်ပွဲမှာ မောင်သိန်းမောင်ဆိုတဲ့ ကလောင်အမည်နဲ့ မိန်းမသားဆိုတဲ့ ၀တ္တုကိုဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့အခါမှာ ရွေးချယ်ခံခဲ့ရပါတယ်။ ဘဘဦးသုခဟာ သုတရသစာပေတွေအပြင် လောကီလောကုတ္တရာဆိုင်ရာ စာပေများကိုလည်းရေးသားခဲ့ပါသေးတယ် ။ ဘာသာရေးစာပေ ရေးသားခြင်းတွေကိုတော့ ၁၉၃၂ ခုနှစ် ဘဘအသက် ၂၃ နှစ်အရွယ်မှာ စတင်ပြီးရေးသားခဲ့တာဖြစ်ပါတယ်။ အစပိုင်းမှာတော့ ဘဘဦးသုခဟာ သူလေ့လာမှတ်သားခဲ့ဖူးတဲ့ လောကီလောကုတ္တရာ မှတ်စုမှတ်ရာများကို ပြန်လည်ပြီးစာမူပြုစု ရေးသားခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ထိုမှတ်စုများကိုစုဆောင်းပြီး သုခမှတ်စုဆိုတဲ့ စာအုပ်လေးကိုထုတ်ဝေခဲ့ပါတယ်။ ၁၉၃၄ ခုနှစ် ရောက်တဲ့အချိန်မှာတော့ ရွင်ပျော်ပျော်ဆိုတဲ့ စာပေတိုက်နာမည်နဲ့ လိုက်ဖက်အောင် သုခဆိုတဲ့ ကလောင်အမည်လေးကို ပြောင်းလဲသုံးစွဲကာ ၀တ္တုများကို ရေးသားခဲ့ပါတော့တယ်။ သုခဆိုတဲ့ ကလောင်အမည်ကို ခံယူပြီးသွားတဲ့နောက်ပိုင်းမှာတော့ ဘဘရေးတဲ့စာအုပ်တွေရဲ့အဆုံးမှာ ဆုတောင်းလေးတွေ ထည့်လေ့ရှိတယ်လို့လည်း မှတ်သားရပါတယ်။ အဲ့ဒီနောက်ပိုင်းကစပြီး ရွင်ပျော်ပျော်စာပေတိုက်အတွက် လုံးချင်းဝတ္တုငယ်လေးများကို ရေးသားပေးခဲ့ပြီး မိုက်မိတယ်ဆိုတဲ့ လုံးချင်းဝတ္တုကိုလည်း ထုတ်ဝေနိုင်ခဲ့တဲ့အထိ စာပေဘက်မှာ အောင်မြင်မှုရရှိခဲ့ပါတယ်။ ဒါ့အပြင်ဘဘရဲ့ထင်ရှားကျော်ကြားတဲ့ စာအုပ်စာပေပေါင်းများစွာလည်းရှိခဲ့ပါတယ်။ လောကနီတိ၊ ကံကံ၏အကျိုး၊ သုတရသဓမ္မစာစုံ၊ စိတ်ဆိုသောစိတ်ကဲ့သို့သော စာပေကောင်းတွေဟာ ဘဘရဲ့ထင်ရှားတဲ့ စာအုပ်စာပေတွေပဲဖြစ်ပါတယ်။

                                             ရုပ်ရှင်ဇာတ်ညွန်းနှင့်ပြဇာတ်များရေးသားခြင်း
ဘဘဦးသုခရဲ့ စာပေများဟာ လူ့ဘ၀နဲ့လူ့သဘာဝကို ဖော်ပြရေးသားတဲ့နေရာမှာ နာမည်ရလာတာနဲ့အမျှ ၁၉၃၈ ခုနှစ်မှာတော့ ချစ်အမျှရုပ်ရှင်ဇာတ်ကားကို ဇာတ်ညွန်း ရေးသားပေးရာကနေ အစပြုပြီး ရုပ်ရှင်ဇာတ်ညွန်းရေးသားတဲ့ဘက်ကို ကူးပြောင်းလာခဲ့ပါတယ်။ ဂျပန်ခေတ်လို့အများကသိကြတဲ့ ၁၉၄၂ ခုနှစ် ဂျပန်တွေအုပ်စိုးတဲ့အချိန်မှာလည်း ပြဇာတ်များကိုကိုယ်တိုင်ရေးသားခဲ့ကာ ကန်တော်မိတ်ရုံမှာ ဂုဏ်ဆိုတဲ့ပြဇာတ်၊ ဂျိုတီရုံမှာ မေတ္တာနှင့်သစ္စာဆိုတဲ့ပြဇာတ်၊ မြိုင်ရုံမှာတော့ ဘဘရဲ့နာမည်ကြီးတဲ့ သြော်မိန်းမ သြော်ယောင်္ကျားပြဇာတ်၊ သြော်.. လောကဆိုတဲ့ပြဇာတ်တွေကို ရုံသွင်းတင်ဆက်ကပြခဲ့တာ အောင်မြင်မှုရရှိခဲ့ပါတယ်။ ဘဘဦးသုခဟာ လူမူရေးအသင်းအဖွဲ့တွေမှာလည်း တက်တက်ကြွကြွပါဝင် လုပ်ဆောင်ခဲ့ပါသေးတယ်။ စာရေးစာရာအသင်းရံပုံငွေအတွက် ၀ိဇယပြဇာတ်၊ ပေါဦးပြဇာတ်တွေမှာလည်း ဒါရိုက်တာလုပ်ပြီးကိုယ်တိုင်ပါဝင် သရုပ်ဆောင်ခဲ့ကာ ရံပုံငွေရှာဖွေပေးခဲ့ပါတယ်။ ဘဘရေးသားခဲ့တဲ့ မောင်ဖေငယ်ဆိုတဲ့ပြဇာတ်ဟာလည်း လူကြိုက်များခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကာဌေးရုံမှာ ချစ်တော့ချစ်တယ်ပြဇာတ်၊ ၀သုန်ဤမြေပြဇာတ်၊ ၀င်းဝင်းရုံမှာ ကိုယ်ကြိုက်တာကိုယ်လုပ်ပြဇာတ်၊ ဇော်ရုံမှာ သားတိုးရုပ်ရည်ပြဇာတ်တွေကို ကိုယ်တိုင်အဓိကနေရာကနေ သရုပ်ဆောင်တင်ဆက်ကပြခဲ့ပါတယ်။

ရုပ်ရှင်လောကသို့ဝင်ရောက်ခြင်း
ဘဘဦးသုခဟာ ၁၉၄၈ ခုနှစ်မှာ ရုပ်ရှင်ဒါရိုက်တာအဖြစ် ပထမဦးဆုံး ချစ်အနုမြူဆိုတဲ့ဇာတ်ကားကို စတင်ရိုက်ကူးခဲ့ပါတယ်။ ထိုဇာတ်ကားမှစတင်ကာ ဘဘရဲ့ ပြောင်မြောက်လှတဲ့ ရိုက်ကူးချက်တွေကြောင့် စာရေးဆရာအသင်းကနေပြီးတော့ ဂုဏ်ထူးဆောင်ရွှေတံဆိပ်ဆုကို ပေးအပ်ချီးမြင့်ခဲ့ပါတယ်။ ဘဘရဲ့သုခ၀တ္တုတိုပေါင်းချုပ် စာအုပ်ကိုလည်း ၁၉၅၁ ခုနှစ်မှာစတင်ထုတ်ဝေခဲ့ပြီး ၁၉၅၅၊ ၁၉၆၆၊ ၁၉၇၈ နဲ့ ၁၉၈၈ ခုနှစ်တွေမှာ ပြန်လည်ထုတ်ဝေပုံနှိပ်ရတဲ့ အထိအောင်မြင်ခဲ့ပါတယ်။ ၁၉၅၄ ခုနှစ်ကရိုက်ကူးတဲ့ သြော်မိန်းမ ဇာတ်ကားမှစတင်ကာ မြန်မာရုပ်ရှင် အကယ်ဒမီဆုတစ်ခုဖြစ်တဲ့ ဒါရိုက်တာဆုကို ဘဘဦးသုခက ပထမဦးဆုံးချီးမြင့်ခံခဲ့ရပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ ဘ၀သံသရာ ဇာတ်ကားကို ၁၉၅၆ ခုနှစ်မှာရိုက်ကူးခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဒါရိုက်တာ ဆုကိုထပ်မံရရှိခဲ့ပြန်ပါတယ်။ ၁၉၅၇ ခုနှစ်မှ ၁၉၆၇ ခုနှစ် အတွင်းတွေမှာတော့ ဘဘဦးသုခဟာ စာပေနဲ့ရုပ်ရှင်နယ်ပယ်မှာပဲ ကျင်လည်လှုပ်ရှားခဲ့ပါတယ်။ အဲ့ဒီအချိန်တွေမှာလည်း အလွန်မှနာမည်ကြီးတဲ့ ရဟန်းစားရသောဆွမ်းတစ်နပ်၊ တစ်ပါးသီလ ဆိုတဲ့ရုပ်ရှင်ကားတွေကိုလည်း ရိုက်ကူးခဲ့ပါတယ်။ရုပ်မြင်သံကြားဇာတ်လမ်း များစွာကိုလည်းရိုက်ကူးခဲ့တယ်လို့ မှတ်သားရပါတယ်။ နောက်ပိုင်းဘဘဦးသုခရရှိခဲ့တဲ့ အကယ်ဒမီဒါရိုက်တာ ဆုတွေကိုပြောရမယ်ဆိုရင် ၁၉၆၈ ခုနှစ်မှာ စကားပြောသော နှလုံးသားဇာတ်ကား၊ ၁၉၇၀ ခုနှစ်မှာ ကျွန်မမှာမိန်းမသားဇာတ်ကား၊ ၁၉၇၃ ခုနှစ်မှာ ဘယ်သူပြိုင်လို့လှပါတော့နိုင်ဇာတ်ကား၊ ၁၉၇၅ ခုနှစ်မှာ ရွှေချည်ငွေချည်တန်းပါလို့ဇာတ်ကား စတဲ့ဇာတ်ကားတွေနဲ့ အကယ်ဒမီဒါရိုက်တာဆုပေါင်း ၆ ခုကိုဘဘပိုင်ဆိုင်ခဲ့ပါတယ်။

                                                                       ဘွဲ့ထူးဂုဏ်ထူးများ
ဘဘဦးသုခဟာ အနုပညာမှာရော စာပေလောကနယ်ပယ်မှာပါ စိတ်ကောကိုယ်ပါ ပါဝင်လှုပ်ရှားခဲ့တဲ့အတွက် ဘွဲ့ထူးဂုဏ်ထူးပေါင်းများလည်း ပေးအပ်ချီးမြင့်ခြင်းကိုခံခဲ့ရပါတယ်။ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကောင်းဆုံး ဒါရိုက်တာဆု ၆ ခုအပြင် ၁၉၅၈ ခုနှစ်မှာ အလင်္ကာကျော်စွာဘွဲ့၊ ၁၉၆၀ ပြည့်နှစ်မှာ ရုပ်ရှင်ဝါသနာအိုးများ၏ သူရသာတီရုပ်တု၊ ၁၉၉၄ ခုနှစ်မှာ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့၊ ၁၉၉၄ ခုနှစ်မှာပဲ ပခုက္ကူဦးအုံးဖေ တစ်သက်တာစာပေဆု၊ ၁၉၉၇ ခုနှစ်မှာ အာဆီယံစာပေဆု၊ ၁၉၉၉ ခုနှစ်မှာ ကျေးဇူးသစ္စာ မြတ်ဘဏ္ဏာဂုဏ်ပြုဆု၊ ၂၀၀၀ပြည့်နှစ်မှာ လူမူထူးချွန်(ပထမအဆင့်)၊ ၂၀၀၀ ပြည့်နှစ်မှာပဲ ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ Ph.D ၊ ၂၀၀၅ ခုနှစ်မှာ ဓမ္မဗိမာန် တစ်သက်တာ စာပေဆုတွေကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပါတယ်။ ၁၉၈၃ ခုနှစ် နောက်ပိုင်းတွေမှစပြီး ဘဘဟာ ရန်ကုန်တိုင်း ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်းနဲ့ တက္ကသိုလ်ဆရာလောင်း မွမ်းမံသင်တန်းတွေမှာလည်း စကားပြောဟောနည်းပညာ၊ တရားဟောပြောနည်းပညာတွေကို သင်ကြားပို့ချခဲ့တယ်လို့ သိရပါတယ်။ ၁၉၉၄ ခုနှစ်မှာလည်း ရာမာခရစ္စနာ၏သုတပုံပြင်များ စာအုပ်ကိုထုတ်ဝေခဲ့ပါတယ်။ အဲ့ဒီနှစ်ဇန်န၀ါရီလ ၄ ရက်နေ့လွတ်လပ်ရေးနေ့မှာပဲ ဘဘဟာ မဟာသဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်ကိုချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ ၁၉၉၅ ခုနှစ် နောက်ပိုင်း တွေမှာလည်း ဘဘရဲ့တရားတော်နဲ့ ပတ်သတ်တဲ့စာအုပ်စာပေတွေ သုတရသစာအုပ်တွေဟာ ဆက်တိုက်ထွက်ရှိလာခဲ့ပါတယ်။ဘဘဦးသုခရဲ့ ဘ၀သက်တမ်းတစ်လျှောက်မှာ လူသားတွေအတွက် အကျိုးရှိမဲ့စာအုပ်စာပေ အများအပြားကိုရေးသားခဲ့ပြီး ၂၀၀၁ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့မှာတော့ရန်ကုန်တက္ကသိုလ်ကနေပြီး ဂုဏ်ထူးဆောင်စာပေပါရဂူ ဘွဲ့ကိုအပ်နှင်းပေးအပ်ခဲ့ပါတယ်။ 

                                                                         အမေများနေ့
ဘဘဦးသုခဟာ အမေများနေ့ကိုမြန်မာနိုင်ငံမှာ စတင်ကျင်းပရန်တိုက်တွန်းခဲ့သူလည်းဖြစ်ပါတယ်။အမေဆိုတာ ကြီးကျယ်မြင့်မြတ်သူတစ်ဦးဖြစ်ကြောင်းကို ဟောပြောပွဲတွေ၊ စာအုပ်စာပေတွေ၊ သူရိုက်တဲ့ ရုပ်ရှင်တွေကနေတစ်ဆင့် လူငယ်ထုရဲ့အတွေးထဲကို ကျေးဇူးသိတတ်စေတဲ့ အသိတွေရောက်အောင် လှုံ့ဆော်ပေးခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ အမေ စာအုပ်ကိုလည်း ရေးသားခဲ့ပါသေးတယ်။ အမေဆိုတာ ဘယ်လိုကြီးမြတ်ကြောင်းကိုသိစေဖို့အတွက် ဘဘဟာ စာပေဟောပြောပွဲတိုင်းမှာ အမေနဲ့ပက်သက်တဲ့ အကြောင်းအရာ တစ်ခုခုကိုတော့ ဟောပြောတတ်စမြဲပါ။ အမေများနေ့အတွက် ကျင်းပတဲ့ စာပေဟောပြောပွဲတစ်ခုမှာတော့ ဘဘဟာ အမေတွေကို ဂုဏ်ပြုတဲ့ စာပိုဒ်လေးတစ်ပုဒ်ကို ရွတ်ဆိုပေးခဲ့ပါတယ်။  
“ကမ္ဘာကြီး ကမ္ဘာကြီးကို အာဒံနဲ့ဧဝကပဲ စတယ်လို့ပြောပြော... ဗြဟ္မာကြီးလေးဦးက စတယ်ပဲပြောပြော... သူတို့ထဲမှာ အမေဆိုတဲ့ ဣတ္ထိလိင်ပါလာလို့သာ ကမ္ဘာကြီးကအဆက်မပြတ်ဘဲနဲ့ ဒီနေ့အထိကျနော်တို့အထိ သားစဉ်မြေးဆက်တွေ ဖြစ်လာတယ်မဟုတ်လားအမေ... အမေမှန်သမျှ ဘာသာခြားလူမျိုးခြားရယ်လို့  ကျွန်တော့်စိတ်ထဲမှာမရှိဘူးအမေ... သားသည်အမေတစ်ယောက်ဟာ အမေပါပဲအမေ... သူကယုတ်ညံ့လို့... သူကလူမျိုးခြားမို့လို့... သူက ဘယ်ဘာသာမို့လို့ မဟုတ်ပါဘူးအမေ မဟုတ်ပါဘူး ကျွန်တော်မြင်တာဖြင့် ကျွန်တော်ပြောဦးမယ် ကျွန်တော်လွန်သွားမလား... မလွန်ပါဘူးအမေ ကျွန်တော်စဉ်းစားထားပြီးမှ ပြောတာပါ အမေမှန်ရင်လေ အမေနားနဲ့မနာဖဝါးနဲ့နာ ပြောလိုက်ပါရစေတော့... အမေဟာ  ကျွန်တော့်လက်ထက်ထဲမှာ ကျွန်တော့်မျက်စိအောက်မှာပဲ မိန်းမရွှင်ဖြစ်နေပါစေ...... အမေဟာ အမေပါပဲ။” 
ဒီစာစုတိုကလေးဟာ ကျွန်တော်တို့လူထုကြားမှာ အလွန်ပဲနာမည်ကြီးခဲ့ပြီးတော့ အမေနဲ့ပက်သက်တဲ့သီချင်းတွေမှာတောင် ထည့်သွင်းအသုံးပြုခဲ့ကြပါတယ်။
                                                                       အဖွဲ့အစည်းများ


ဘဘဦးသုခဟာ ဘ၀သက်တမ်းတစ်လျှောက်လုံး အဖွဲ့ပေါင်းများစွာမှာ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ဘဘရဲ့ လူသားတွေအပေါ် အကျိုးပြုမူတွေဟာလည်း ပြောပြလို့ မကုန်နိုင်အောင် အများကြီးရှိနေပါသေးတယ်။ ဘဘဦးသုခ ပါဝင်ဦးဆောင်ခဲ့တဲ့ အဖွဲ့အစည်းလေးတွေကို အကျဉ်းချုပ် ပြောပြရမယ်ဆိုရင် ပထမဦးဆုံး ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း၊ အများက၀ိုင်အမ်ဘီအေလို့ သိကြတဲ့အသင်းလေးကနေ စရမှာဖြစ်ပါတယ်။ ၀ိုင်အမ်ဘီအေမှာ ဘဘဟာ နာယကနေရာကနေ ဦးစီးဦးဆောင်ပါဝင်ခဲ့ပါတယ်။ တိ-နိစာအုပ်စာပေ အနုပညာနှင့် မော်ကွန်းနာယကအဖွဲ့မှာလည်း နာယကဖြစ်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာတော့ ဘဘဟာ ဘာသာရေးနဲ့ ပတ်သက်တဲ့အဖွဲ့အစည်း တော်တော်များများမှာလည်း နာယကနေရာကနေပြီး တက်တက်ကြွကြွပါဝင် လှုပ်ရှားခဲ့ပါတယ်။ ဒါ့အပြင်ရုပ်ရှင်မင်းသား ဦးကျော်သူဦးစီးတဲ့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှာလည်း ဘဘဟာ နာယကနေရာကနေပါဝင် ဆောင်ရွက် ခဲ့ပါသေးတယ်။ ဒီ နာရေးကူညီမှုအသင်း(ရန်ကုန်) ကို တည်ထောင်ရန် ဘဘဦးသုခကအကြံဥာဏ် စတင်ရရှိခဲ့တာဖြစ်ပြီး ဘဘဦးသုခရဲ့အိပ်မက်နဲ့ မန္တလေးပြဟ္မာစိုရ် အသင်းကြီးရဲ့လမ်းပြမူတို့ပေါင်းပြီး ရန်ကုန်မြို့နာရေးကူညီမှုအသင်းကြီးကို ၂၀၀၁ ခုနှစ်ဇန်န၀ါရီလ ၁ ရက်နေ့မှာ လူအများရဲ့ မတည်ငွေနဲ့ စတင်တည်ထောင်ခဲ့ကြပါတယ်။
                                                                        နောက်ဆုံးခရီး
ဒီလိုမျိုး အောင်မြင်ကျော်ကြားပြီး လူထုအတွက် အကျိုးပြုခဲ့ရုံသာမက ဘာသာသာသနာအတွက်ပါ တန်ဖိုးမဖြတ်နိုင်အောင် လေးစားအတုဖွယ်ကောင်းတဲ့ စာရေးဆရာ ဒါရိုက်တာကြီး ဘဘဦးသုခဟာ ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာ(၇)ရက်နေ့ ဗုဒ္ဓဟူးနေ့မနက် ၁၁း၃၀ နာရီအချိန်မှာ အမှတ်(၂) စစ်ဆေးရုံ၌ ကွယ်လွန်အနိစ္စ ရောက်ခဲ့ပါတယ်။ဘဘကွယ်လွန်သွားခဲ့ပေမယ့်လည်း မြ၀တီ၊ မြန်မာ့ရုပ်မြင်သံကြားတွေမှာ ဘဘရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွေကိုလည်း မကြာခဏ ပြသပါတယ်။ ဘဘရဲ့နှစ် ၁၀၀ ပြည့်မွေးနေ့အထိမ်းအမှတ် အနေနဲ့လည်း အခမ်းအနားတွေ ကျင်းပခဲ့ပါသေးတယ်။ ဘဘဒီလောကကြီးမှာ မရှိတော့ပေမယ့်လည်း ဘဘရဲ့အနုပညာတွေ၊ စာပေတွေနဲ့ ဂုဏ်ထူးဆောင်မူတွေဟာ လူမျိုးနဲ့ဘာသာ သာသနာအတွက်ကို အခုချိန်ထိ တန်ဖိုးမဖြတ်နိုင်ဘဲ လူထုအတွက် မှတ်သားဖွယ် ကျန်ရစ်နေပါသေးတယ်။ ကဲ... ဒီလောက်ဆိုရင်တော့ ကျွန်တော် Web Site လေးရဲ့ စာဖတ်ပရိတ်သတ်တွေ အားလုံး ဘဘဦးသုခရဲ့ အကြောင်းလေးကို  ကျေနပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်နော်။ တတ်သလောက် မှတ်သလောက်နဲ့ ရှာဖွေလို့ရသလောက်ကို ပြန်လည်ပြီး ဝေမျှပေးတာ ဖြစ်တဲ့အတွက် အမှားအယွင်းလေးများ ပါရှိခဲ့ရင်လည်း နားလည်ခွင့်လွှတ် ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်နောင်များမှာလည်း ထင်ရှားကျော်ကြားပြီး သိသင့်သိထိုက်တဲ့ ဘယ်သူဘယ်သူတွေရဲ့ အကြောင်းကိုတင်ဆက်ပေးဦးမလဲဆိုတာကို စောင့်မျှော်ကြည့်ရှု ဖတ်ပေးကြပါဦးလို့ ပြောပါရစေဗျာ။သူငယ်ချင်းတွေ အားလုံး ဗဟုသုတ များစွာ ရရှိနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျာ။

(From MYM Club)
                                                                                                                                   ကြိုးစားလျက်.........!
                                                                                                                                      (Yekyawphyo)
Share on Google Plus

About Ye Kyaw Phyo

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 ဦးမှတ်ချက်ပေးသွားပါတယ်။း: